ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု (၆၀)ရာခိုင်နှုန်း လျော့ချ နိုင်ခဲ့တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပြောပါတယ်။မေလ(၈)ရက်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမမှာ ပြုလုပ်တဲ့ နယ်စပ်ဖြစ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

တာချီလိတ်မြို့မှာ မီးခိုးမြူငွေ့ညစ်ညမ်းမှုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကထက် ၂၀၂၅ ခုနှစ်မှာ (၆၀)ရာခိုင်နှုန်း လျော့နည်းသွားခဲ့တဲ့အတွက် ဆက်ပြီး ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေ ဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေက စိုက်ပျိုးရေးလုပ်ငန်းတွေက ထွက်ရှိတဲ့အမှိုက်တွေ၊ ရိုးပြတ်တွေနဲ့ စပါးခွံတွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ တောင်ယာစိုက်ပျိုးဖို့ တောခုတ်၊ မီးရှို့တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။တာချီလိတ်မြို့မှာ ၂၀၂၀ ပြည့်နှစ်မတိုင်ခင်က ဒေသခံတွေဟာ အပြင်သွားရင် နှာခေါင်းစည်းနဲ့ မျက်မှန် တပ်ပြီး သွားလာရတယ်လို့ ဆိုပါတယ်။ အကာအကွယ်မပါဘဲ သွားမိခဲ့ရင် မျက်စိစပ်တာ၊ ယားယံတာ စတဲ့ လက္ခဏာ တွေကို ဆိုးဆိုးရွားရွား ခံစားရတယ်လို့ ပြောပါတယ်။

အခုနှစ်မှာတော့ မီးခိုးမြူငွေ့လက္ခဏာတွေ ခံစားရတာ လျော့ပါးလာတယ်လို့ ဒေသခံတစ်ယောက်က ပြောပါ တယ်။ တာချီလိတ်မြို့မှာ ပြုလုပ်တဲ့ အသိပညာပေးတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မဲခေါင်ဒေသခွဲ Fire Hotspots ဖြစ်ပေါ်မှု အခြေအနေတွေ၊ Fire Hotspots ဖြစ်ပေါ်မှုလျော့ချရေးနဲ့ နယ်စပ်ဖြတ်ကျော် မီးခိုမြူ ငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်းတွေကို ပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက နယ်စပ် ဖြတ်ကျော် မီးခိုမြူငွေ့ညစ်ညမ်းမှုလျော့ချရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။