နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီ ၉ ရက်၊ မွန်းလွဲပိုင်းက ဇမ္ဗူသီရိ မြို့နယ် မြို့နယ်အားကစားကွင်းရှိ အမေရိကန်အခြေစိုက် ရွေ့လျားယာယီဆေးရုံကို သွားရောက်ကြည့်ရှုခဲ့ ပါတယ်။ ရွေ့လျားယာယီဆေးရုံကို မသွားရောက်မီ မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)နဲ့ ရန်အောင်မြင်ဆည်တို့ကိုလည်း သွားရောက်ကြည့်ရှု ခဲ့ပါတယ်။

ဦးစွာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နဲ့ တာဝန်ရှိသူတွေ လိုက်ပါပြီး ငလျင်ဒဏ် ကြောင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ပျက်စီးမှု အခြေအနေတွေကို လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုအပ်တာတွေကို လမ်းညွှန်မှာကြားပါတယ်။အဲဒီနောက် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်ကို ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကုန်းချော တမံအက်ကွဲကြောင်းတွေ ယာယီ ပြုပြင်ဆောင်ရွက်နေမှုတွေကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းကို မိုးရာသီမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားဖို့၊ ရေဝေရေလဲ သစ်တောတွေကို စိမ်းစိုတဲ့အထိ ဆောင်ရွက်သွားဖို့၊ စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို ရှင်သန် အောင် ပြုပြင်ထိန်းသိမ်းသွားဖို့နဲ့ အခြားလိုအပ်တာတွေကို လမ်းညွှန်မှာကြားပါတယ်။

ဆက်လက်ပြီး ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်အားကစားကွင်းမှာ ယာယီဖွင့်လှစ် ကုသပေးနေတဲ့ အမေရိကန် အခြေစိုက် Samaritan’s Purse Internation Relief Organization ရဲ့ ရွေ့လျားဆေးရုံကို ရောက်ရှိရာ ဆေးရုံတာဝန်ခံ Dr. Elliott Tenpenny က လူနာတွေကို ခွဲစိတ်ကုသပေးနေမှုနဲ့ ဆေးရုံဖွင့်လှစ်ထားရှိမှု အခြေအနေတွေကို လိုက်လံ ရှင်းလင်းပြပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က ရွေ့လျားဆေးရုံအတွင်း လိုက်လံ ကြည့်ရှုပြီး လူနာတွေကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီးနောက် ဆေးရုံတာဝန်ရှိသူတွေကို အခုလို လာရောက်ကူညီ ဆောင်ရွက်မှုအတွက် အမေရိကန်အစိုးရနဲ့ အမေရိကန် ပြည်သူလူထုကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့ပါတယ်။ ရွေ့လျားဆေးရုံမှာတော့ ပြင်ပလူနာဌာန၊ အရေးပေါ် ကုသမှုဌာန၊ ခွဲစိတ်ခန်းနဲ့ ဓာတ်ခွဲခန်းတို့ ပါဝင်တဲ့ ခုတင် ၆၀ ခန့် ယာယီဆေးရုံဖြစ်ပြီး လူနာမျိုးစုံကို အခမဲ့ ကုသပေးတာနဲ့ ခွဲစိတ်ပေးတာတွေကို ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။အမေရိကန်ဆေးကုသရေးအဖွဲ့ဟာ ဧပြီ ၄ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဧပြီ ၇ ရက်က စတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာပါ။ ဧပြီ ၁၀ ရက်မှာလည်း အထူးကြပ်မတ် ဆောင် ၁ ဆောင်နဲ့ ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။