ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်ထဲက ရွှေကုက္ကိုလ်မြို့မှာ ကာလဝမ်းရောဂါဖြစ်ပွားနေတာကြောင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ကို သေချာစောင့်ကြည့်ကြပ်မတ်ဖို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖန်သန်ဝီချာယာချိုင်းက ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

အစည်းအဝေးအပြီးမှာ ထိုင်း-မြန်မာ နယ်စပ်မှာ တင်း ကျပ်တဲ့ အစီအမံတွေ ချမှတ်ထားဖို့အတွက် ထိုင်းတပ်မတော်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။အခုလက်ရှိမှာ တာ့ခ်ခရိုင်ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြည်သူတွေ ကာလဝမ်းရောဂါအန္တရာယ်တွေကို သိရှိ စေဖို့အပြင် လက်အိတ်တွေနဲ့ နှာခေါင်းစည်းတွေ ဝေငှဖြန့်ဝေပေးနေပြီး နယ်စပ်မှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေအားလုံး နှာခေါင်းစည်းတပ်ဆင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒီလိုစောင့်ကြည့်ကြပ်မတ်မှု ကို အနည်းဆုံး တစ်လကြာ ပြုလုပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် အနီးမှာရှိတဲ့ မြဝတီခရိုင်ခရိုင်၊ ရွှေကုက္ကိုလ်မြို့မှာ ဖြစ်ပွားနေတဲ့ ကာလဝမ်း ရောဂါကြောင့် လူနှစ်ယောက်သေဆုံးခဲ့ပြီး လူ ၃၀၀ ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အတွင်းမှာလည်း ကာလဝမ်းရောဂါ သံသယလူနာနှစ်ယောက် တွေ့ရှိထားပြီး မဲဆောက်ဆေးရုံနဲ့ မဲရာမတ် ဆေးရုံ တွေမှာ ဆေးကုသမှုခံယူနေတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုပတ်စ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

နှစ်သစ်ကူးကာလမှာ ပွဲလမ်းသဘင်တွေ ကျင်းပဖို့ စီစဉ်ထားတာကြောင့် ကုသရေးစင်တာဖွင့်လှစ်ပြီး ဝမ်းပျက် ဝမ်းလျှောရောဂါ လက္ခဏာရှိတဲ့ လူနာတွေကို စောင့်ကြည့်စစ်ဆေးတာနဲ့ ပွဲလမ်းသဘင်တွေမှာ ရောင်းချတဲ့ အစားအသောက်တွေရဲ့ အရည်အသွေးကို စောင့်ကြည့်တာတွေ အပါအဝင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း သတင်းဖော်ပြထားချက်အရ သိရပါတယ်။