၂၀၂၅ ခုနှစ်မှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းကို လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၅ ခုနှစ်က ဖြစ်ပွားမှုနှုန်းရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။ ဒီဇင်ဘာလ(၂၆)ရက်နေ့က ပြုလုပ်တဲ့ National Annual TB Evaluation Metting(2023)မှာ ပြောကြားခဲ့တာပါ။

တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းတွေကို ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အမျိုးသားမဟာဗျုဟာစီမံကိန်း၂၀၂၁-၂၀၂၅ နဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ တီဘီရောဂါ မဖြစ်အောင် ကာကွယ်ကုသတာကို လက်ရှိအခြေအနေထက် ပိုမိုထိရောက်အောင် ဆောင်ရွက် သွားဖို့ အရေးကြီးတဲ့အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုလည်း တီဘီရောဂါကာကွယ်ကုသမှုတွေမှာ အခုထက်ပိုပြီး ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းကြရမယ်လို့ မှာကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း ဆေးယဉ်ပါးတီဘီရောဂါရှာဖွေတာကို လူနာတွေ လက်လှမ်းမီစေဖို့ Rapid Diagnostic Test ဖြစ်တဲ့ GeneX pet စက် အလုံး(၁၁၀)ကို တီဘီရောဂါတိုက်ဖျက်ရေးဌာန(၈၆)ခုမှာ တပ်ဆင်လွှမ်းခြုံ ဆောင်ရွက် နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စုစုပေါင်း တီဘီလူနာ တစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှု အောင်မြင်မှု ရာခိုင်နှုန်း(၈၈)ရာခိုင်နှုန်းရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့တီဘီ၊ တီဘီ-အိပ်ချ်အိုင်ဗွီနဲ့ ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ (၃၀)မှာပါဝင် နေပါတယ်။ (၂၀၂၂)ခုနှစ်မှာ မြန်မာနိုင်ငံရဲ့လူဦးရေတစ်သိန်းမှာ တီဘီလူနာသစ် ဖြစ်ပွားမှုနှုန်း(၄၇၅)ဦးရှိပြီး သေဆုံးမှုနှုန်း(၈၀)ဦးရှိတယ်လို့ WHO ရဲ့ Global TB report(2023)အရ သိရပါတယ်။