ဧပြီလ ၆ ရက် ညနေ ၆ နာရီအချိန်ထိ နောက်ဆုံးကောက်ယူရရှိထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ဒေသတွေမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၃၅၆၄ ယောက်၊ ဒဏ်ရာရရှိသူ စုစုပေါင်း ၅၀၁၂ ယောက်နဲ့ ပျောက်ဆုံးနေသူ အယောက် ၁၁၀ ရှိတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နိုင်ငံပေါင်း ၂၀ က လေယာဉ်အခေါက်ရေ ၈၈ စင်း၊ သင်္ဘော ၅ စင်း၊ ကား ၆ စီးနဲ့ ကူညီကယ်ဆယ်ရေးတွေ ပို့ဆောင်ပေးနေတာ ဖြစ်ပြီး ဝန်ထမ်း ၁၇၃၈ ယောက်၊ ထောက်ပံ့ရေးပစ္စည်း ၁၁၉၇ တန်ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၈၄၄ တန်ကျော် ရောက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ရှား ခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ငလျင်ဒဏ်သင့်တာတွေ ဖြစ်ခဲ့ပါ တယ်၊၊

အဲဒီအပြင် လမ်းတံတား၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတွေ အသက်သေဆုံးခဲ့ရမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့ရကာ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ နယ်မြေ အလိုက် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်၊၊