ပြည်သူတွေ သုံးစွဲနေတဲ့ ဆေးဝါးတွေ စျေးနှုန်းကြီးမြင့်မှုနဲ့ ဆေးဝါးပြတ်လပ်မှုမရှိစေရေးအတွက် အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးဇေယျာဖြိုးကပြောပါတယ်၊၊ ဇူလိုင်လ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံဝင်းအတွင်းမှာ ဆေးကုမ္ပဏီတွေက ပြည်သူတွေကို တိုက်ရိုက် ဆေးရောင်းချပွဲ အရောင်းစင်တာ(၂)မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊၊
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေနဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းဆောင်ရွက်နေသလို သုံးစွဲသူပြည်သူတွေ ဆေးဝါးတွေ ရှာဖွေရာမှာ လွယ်ကူစေဖို့အတွက်လည်း အရောင်းစင်တာ(၃)ခုအထိ ခင်းကျင်းရောင်းချပေးနေတယ်လို့ ဗဟိုအလုပ်အမှုဆောင် ဦးဇေယျာဖြိုးကပြောပါတယ်၊၊

လက်ရှိမှာ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေနဲ့ ဆေးကုမ္ပဏီတွေက ပြည်သူတွေကို တိုက်ရိုက်ဆေးရောင်းချပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အရောင်းစင်တာ(၂)ခု၊ ပဲခူးတိုင်းဒေသကြီးမှာ အရောင်းစင်တာ(၁)ခု စုစုပေါင်းစင်တာ(၃)ခု ဖွင့်လှစ်ရောင်းချပေးနေသလို အခြားတိုင်းဒေသကြီးတွေမှာလည်း ပြည်သူတွေ လိုအပ်ချက်အပေါ် မူတည်ပြီး ဆက်လက်တိုးချဲ့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊