ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ကွယ်ကဘောဆေးရုံကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးနှောက်နှင့် အာရုံ ကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာဟာ ဇန်နဝါရီ (၁၈)ရက်က အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာ စောဆိုင်မွန်သာ ကွယ်လွန်ချိန်မှာ အသက်(၈၃)နှစ်ရှိပြီဖြစ်ပြီး သူကွန်လွန်သွားတာဟာ မြန်မာနိုင်ငံ ဆေးပညာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်းလည်း ဆရာဝန်လောက အသိုင်းအဝိုင်းက ပြောဆို ထားကြပါတယ်။ဒေါက်တာ စောဆိုင်မွန်သာဟာ ပြီးခဲ့တဲ့ ၂၀၀၂ -၂၀၀၃ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ တပ်မတော် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာ စောဆိုင်မွန်သာဟာ အမေရိကန် ဇီဝဆိုင်ရာအဖွဲ့အစည်းက ဆေးဘက်ဆိုင်ရာ ဦးဆောင်မှု ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသူဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အရှေ့တောင် အာရှ ဦးနှောက်နှင့်အာရုံ ကြောခွဲစိတ်အသင်းမှာလည်း မြန်မာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။