ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေကို ကာကွယ်ဆေးတွေထိုးပေးဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့မှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံကျန်းမာရေးကူညီစောင့်ရှောက်ရေးအဖွဲ(China Health)ရဲ့ အဖွဲ့ခေါင်းဆောင် မစ္မတာချန်းလိမ်က ပြောပါတယ်။ ဧပြီ ၂၉ ရက်မှာ မန္တလေးမြို့က ငလျင်ကြီးဒဏ်သင့်ပြည်သူတွေကို ရွှေသံလွင်လုပ်ငန်းစု၊ Sky Net၊ Shwe Bank၊ Mo Money မိသားစုက အာဟာရဒါန စတုဒိသာကျွေးမွေးလှူဒါန်းနေတဲ့အဖွဲ့နဲ့ တွေ့ဆုံစဉ် ပြောကြား လိုက်တာပါ။

အဲဒီအဖွဲ့ဟာ ရောဂါရှာဖွေရေး၊ ကာကွယ်ရေးနဲ့ တခြားကျန်းမာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ ခြင်နဲ့ ရေတို့ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနေပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးစခန်းတွေမှာ ငလျင် ဒဏ်သင့်ပြည်သူတွေကို စနစ်တကျလက်ဆေးတာနဲ့ စိတ်ပိုင်းဆိုင်ရာ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေ တယ်လို့ ပြောပါတယ်။အဲဒီအဖွဲ့မှာ အဖွဲ့ဝင်အယောက် ၅၀ ပါဝင်ပြီး အဲဒီအဖွဲ့ဟာ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ ပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အတွေ့အကြုံရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။