ရခိုင်ပြည်နယ်အတွင်းက ဂွမြို့နယ်မှာအရေပြားရောဂါဖြစ်ပွားသူ (၃၇၀၀)ကျော်အထိ ရှိလာတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ကနေ သိရပါတယ်။

အရေပြားရောဂါဖြစ်ပွားနေသူတွေကို တိုက်ပွဲရှောင်ကူညီရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပူးပေါင်းပြီး ဆေးဝါးတွေ ထောက်ပံ့ကူညီတာနဲ့ကွင်းဆင်းစစ်တမ်းကောက်ယူတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်အထိ မြေပြင်စာရင်းကွင်းဆင်းကောက်ယူထားချက်အရ အမျိုးသား(၁၇၉၁)ယောက်နဲ့အမျိုးသမီး (၂၀၀၆)ယောက်တို့မှာ အရေပြားရောဂါဝေဒနာခံစားနေရတာဖြစ်ပြီး အသက်(၁၈) နှစ်အောက်အရွယ်တွေမှာ ဖြစ်ပွားမှု များနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆေးဝါးရှားပါးတာနဲ့ ဈေးနှုန်းမြင့်တက်နေတာတွေကြောင့် ကူညီရေးတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့ ကူညီရေးဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။ကျန်းမာရေးဝန်ထမ်းတွေရဲ့လမ်းညွန်ချက်အရ အရေပြားရောဂါဖြစ်နေတဲ့သူတစ်ယောက်အတွက် သောက်ဆေးနဲ့ လိမ်းဆေး(၅)ရက်စာဟာ ဆေးဝါးကုန်ကျစရိတ် ကျပ်နှစ်သောင်းလောက်ရှိနေတဲ့အတွက် ကူညီထောက်ပံ့မှုတွေ လည်း လိုအပ်နေတယ်လို့ သိရပါတယ်။