ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ mpox မျောက်ကျောက်ရောဂါ ပျံ့နှံ့မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
လူအများ ခုခံအားစနစ်တွေ ကျဆင်းမှုနဲ့ ကျဉ်းမြောင်းတဲ့ နေထိုင်မှုအခြေအနေတွေကြောင့် ကူးစက်ခံရနိုင်ခြေ ပိုများတယ်လို့ သတိပေးခဲ့ပါတယ်။
ပြည်တွင်းပဋိပက္ခတွေနဲ့ ဘေးအန္တရာယ်ကနေ ထွက်ပြေးသူတွေနဲ့ ရဝမ်ဒါ၊ ဘူရွန်ဒီနဲ့ တောင်ဆူဒန်တို့က ရောက်ရှိ လာသူတွေ အပါအဝင် ကွန်ဂိုနိုင်ငံတစ်ဝန်းမှာ ရွှေ့ပြောင်းနေထိုင်သူပေါင်း ၇ သန်းကျော် ရှိပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ကီဗူက ဒုက္ခသည်စခန်းတွေမှာ မျောက်ကျောက်ရောဂါ သံသယရှိသူ ၄၂ ယောက် ရှိနေတယ်ဆိုတာကို အစီရင်ခံထားတယ်လို့ UNHCR က ပြောပါတယ်။

သူတို့မှာ ရောဂါလက္ခဏာတွေ ပေါ်လာတဲ့အခါ သီးခြားခွဲထားဖို့ နေရာမရှိဘဲ လူစုလူဝေးရှိတဲ့ အဆောင်တွေကနေ ဝေးဝေးမှာ အိပ်စေတာပဲ တတ်နိုင်တယ်လို့ UNHCR ရဲ့ ပြည်သူ့ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။
ကွန်ဂိုမှာ အခုနှစ်အတွင်း mpox သံသယရှိသူ ၁၈,၀၀၀ ကျော် မှာ သေဆုံးသူ ၆၁၅ ယောက်ရှိကြောင်း WHO က ထုတ်ပြန်ထားပါတယ်။
Clade Ib လို့ခေါ်တဲ့ မျိုးကွဲအသစ်တစ်ခု ထွက်ပေါ်လာပြီးနောက် mpox ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
ကီဗူမှာ တွေ့ရတဲ့ သံသယရှိသူတွေဟာ ပိုမိုကူးစက်နိုင်ပုံရတဲ့ Clade Ib မျိုးကွဲသစ်ဟုတ် မဟုတ်တော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။
ရွှေ့ပြောင်းဒုက္ခသည်စခန်းတွေမှာ ရောဂါကာကွယ်ရေးနဲ့ စခန်းအခြေအနေတွေ ပိုမိုကောင်းမွန်လာစေဖို့ အာရုံစိုက်သင့်တယ်လို့ WHO က ပြောပါတယ်။