ဆောင်းရာသီကာလမှာ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားစေတတ်တဲ့ ရာသီတုပ် ကွေးရောဂါပိုးတွေ၊ ကိုဗစ်-၁၉ ရောဂါပိုး၊ HMPV ရောဂါပိုး စတဲ့ အဏုဇီဝရောဂါပိုးတွေ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်မှာ အသိပေးချက်ထုတ်ပြန်ထားပါတယ်။

ဆောင်းရာသီမှာ အဲဒီရောဂါပိုးတွေ ကူးစက်ဖြစ်ပွားမှုမြင့်တက်လေ့ရှိပြီး ကလေးငယ်တွေ၊ အသက်အရွယ် ကြီးရင့် သူတွေနဲ့ ကိုယ်ခံအားစနစ်ကျဆင်းနေသူတွေမှာ ရောဂါပိုမိုပြင်းထန်စွာ ခံစားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ရောဂါကူးစက်ပုံနည်းလမ်းတွေကတော့ ရောဂါပိုးကူးစက်ခံစားနေရသူရဲ့ ချောင်းဆိုးတာ၊ နှာချေတာကြောင့် ထွက်တဲ့ အစက်အမှုန်တွေကနေတစ်ဆင့် ကူးစက်တာ၊ ရောဂါပိုးကူးစက်ခံစားနေရသူနဲ့ အနီးကပ်ထိတွေ့တာ၊ လက်ဆွဲနှုတ်ဆက်တာကတစ်ဆင့်ကူးစက်တာ၊ ရောဂါပိုးကပ်တင်နေတဲ့ အရာဝတ္ထုပစ္စည်းတွေ၊ မျက်နှာပြင်တွေကို လက်နဲ့ထိမိပြီး ပါးစပ်၊ နှာခေါင်းနဲ့ မျက်စိတို့ကို ထပ်ဆင့်ထိမိရာကတစ်ဆင့် ကူးစက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ချောင်းဆိုးတာ၊ ဖျားတာ၊ နှာစေးနှာပိတ်တာ၊ လည်ချောင်းနာ တာ၊ အသက်ရှူကျပ်တာ၊ ရောဂါပြင်းထန်ရင် လေပြွန်ရောင်တာ၊ အဆုတ်ရောင်တာတွေ ဖြစ်နိုင်ပါတယ်။

ရောဂါသံသယလက္ခဏာတွေ ခံစားရရင် ပါးစပ်နဲ့နှာခေါင်းစည်း(Mask)တပ်တာ၊ ဆပ်ပြာနဲ့ရေ ဒါမှမဟုတ် ရေမလို လက်သန့်စင်ဆေးရည်နဲ့ စနစ်တကျလက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံစွာဖုံးအုပ် တာ၊ တခြားသူတွေနဲ့ခပ်ခွာခွာနေတာ စတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လုပ်ဆောင်ဖို့ လိုတယ်လို့ ဖော်ပြထား ပါတယ်။လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုမြင့်တက်နေတဲ့ ပြည်ပနိုင်ငံတွေကို သွားရာက်မယ့် သူတွေအနေနဲ့ ရောဂါပိုးကူးစက်ခံရမှုမရှိစေရေး သတိပြုကာကွယ်ကြဖို့နဲ့ မိမိနိုင်ငံကို ပြန်လည်ရောက်ရှိပြီးနောက် ရောဂါသံသယလက္ခဏာတွေ ပေါ်ပေါက်လာရင် နီးစပ်ရာကျန်းမာရေးဌာနတွေကို စောစီးစွာ သွားရောက်ပြသပြီး ကုသမှုခံယူကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ HMPV ရောဂါပိုးကူးစက်မှုအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုး ကူးစက်ဖြစ် ပွားမှုတွေကို စောင့်ကြည့်နေပြီး စိုးရိမ်စရာမရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။