ကမ္ဘာ့မိုးလေဝသအခြေအနေတွေကို ဖော်ပြပေးနေတဲ့ Eldorado Weather ဝက်ဘ်ဆိုက်ရဲ့ မတ်လ ၁၇ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့ ၁၅ မြို့ စာရင်းထဲမှာ မကွေးတိုင်းဒေသကြီးအတွင်းက ချောက်မြို့နဲ့ မကွေးမြို့တို့ ပါဝင်နေပါတယ်။ချောက်မြို့မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက အပူချိန် ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့စာရင်းမှာ အဆင့်-၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။ မကွေးမြို့မှာတော့ ပြီးခဲ့တဲ့၂၄ နာရီအတွင်း အပူချိန် ၄၃ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်ရှိခဲ့ပြီး ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့စာရင်းမှာ အဆင့်-၁၃ နေရာမှာ ရှိနေပါတယ်။

မတ်လ ၁၇ ရက်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ မြန်မာနိုင်ငံက ချောက်နဲ့မကွေး မြို့နှစ်မြို့ ပါဝင်ပြီး ကျန်တဲ့ ၁၃ မြို့ကတော့ နိုင်ဂျာ၊ မာလီ၊ ဘာကီနာဖာဆို၊ တိုဂို၊ ကင်မရွန်း၊ ဆီနီဂေါ၊ မာလီ စတဲ့ အာဖရိက နိုင်ငံတွေက မြို့တွေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ အရင်နှစ်ကထက် အခုနှစ်မှာ အပူချိန်ပိုမို မြင့်တက်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသဌာနကြီးတွေက ခန့်မှန်းထားပြီး အပူဒဏ်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်တွေကို လိုက်နာကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာန က အသိပေးထုတ်ပြန်ထားပါတယ်။