ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနမှာ ကျပ် ၃၂ ဘီလီယံခွဲ တန်ဖိုးရှိတဲ့ ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုသစက် သုံးလုံးကို စတင်အသုံးပြုနေပြီး တစ်ရက်ကို လူနာ ၄၀၀ လောက်အထိ တိုးမြင့် ကုသပေးနိုင်မှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

အဲဒီ ကင်ဆာရောဂါကုသစက်သုံးလုံး စတင်အသုံးပြုတဲ့ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်က ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ဒီနေ့ခေတ်ကမ္ဘာမှာ မကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွားမှု များလာပြီး ကင်ဆာရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်း ပိုမိုများ ပြားလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောပါ တယ်။

ကင်ဆာရောဂါလူနာတွေအတွက် အရည်အသွေးမြင့်တဲ့ ကုသမှုတွေကို ပြည်တွင်းမှာ တိုးမြင့်ရရှိစေရေး အလေး ထား ဆောင်ရွက်နေသလို တိုးတက်များပြားလာတဲ့ ကင်ဆာရောဂါကုသရေးလုပ်ငန်းတွေအတွက် လိုအပ်ချက် တွေ ဖြည့်ဆည်းပေးနိုင်ရေး ရေတို ရေရှည် စီမံကိန်းတွေ ချမှတ်ပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ကိုဗစ်ကပ်ရောဂါ ကာလအလွန် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာမှာ ကင်ဆာရောဂါကုသဌာနတွေ ရာနှုန်း ပြည့် လုပ်ငန်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မန္တလေးပြည်သူ့ဆေးရုံကြီးနဲ့ ၂၀၂၄ ခုနှစ်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့မှာ ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုသစက် LA စက်အသစ် တစ်လုံးစီ တို့ကို တိုးချဲ့တပ်ဆင် အသုံးပြုနိုင်ခဲ့တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ပြည်သူ့ဆေးရုံတွေသာမက ပုဂ္ဂလိကဆေးရုံ ငါးရုံမှာ ဓာတ်ရောင်ခြည်နဲ့ ကင်ဆာရောဂါ ကုသမှုလုပ်ငန်းတွေကို ခွင့် ပြုထားပြီး အဲဒီဆေးရုံတွေမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးတို့က ရွေးချယ်ပေးတဲ့ ဓာတ် ရောင်ခြည် ကုသမှုခံယူရမယ့် လူနာတွေကို အခမဲ့ ကုသမှုတွေ အားဖြည့်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။