ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာ စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းက အလှူရှင်တွေကလာရာက်လှူဒါန်းတဲ့အစားအသောက်တွေကိုစားသောက်ပြီးနောက် ရေဘေးသင့်ပြည်သူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ စက်တင် ဘာလ ၁၈ ရက် မနက်ပိုင်းက ရေဘေးသင့်ဒေသတွေဖြစ်တဲ့ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာနအပိုင် ဝက်ဖြူကုန်းကျေးရွာရှိ ရွှေဖြူရတနာစာသင်တိုက်မှာ အလှူရှင်တွေကလာရာက်လှူဒါန်းတဲ့ ကြာဆံကြော်၊ အချဉ်နဲ့ထမင်း၊ ကြက်ဥမကျည်းမှည့်ချက်တွေကိုစားသောက်ပြီးနောက် ည ၈ နာရီအချိန်လောက်မှာ ဗိုက်နာတာ၊ အော့အန်တာနဲ့ ဝမ်းလျှောတာအစရှိတဲ့ အစာအဆိပ်သင့်ရောဂါလက္ခဏာတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊

အစာအဆိပ်သင့်ခဲ့တဲ့သူတွေကို တောင်ငူပြည်သူ့ဆေးရုံကြီးကိုပြင်ပလူနာအဖြစ် (၆၈)ယောက်၊ အတွင်းလူနာအဖြစ် (၆၅)ယောက် တက်ရောက်ကုသစေခဲ့ပြီး လူနာတွေရဲ့အခြေအနေက သက်သာကောင်းမွန်သလိုဆေးရုံတက်လူနာတွေအနက် အတွင်းလူနာ(၄၁)ယောက်ကို ရောဂါသက်သာကောင်းမွန်တဲ့အတွက် စက်တင်ဘာလ ၁၉ရက်မှာ ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်တယ်လို့လည်းသိရပါတယ်၊၊
အဲဒီအစာအဆိပ်သင့်ဖြစ်ပွားခဲ့တဲ့နေရာကို ဆေးဘက်ဆိုင်ရာဆရာဝန်တွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးတွေကလူမှုကူညီရေးအသင်းတွေနဲ့အတူ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်၊၊
ဒါ့အပြင် သဘာဝဘေးဒဏ်ခံစားနေရတဲ့ပြည်သူတွေကို အစားအသောက်တွေလှူဒါန်းရာမှာ အလှူရှင်တွေက ပူပူနွေးနွေး ပြင်ဆင်ထားတဲ့ သန့်ရှင်းတဲ့အစားအသောက်တွေကို ပြင်ဆင်ပေးပို့လှူဒါန်းကြဖို့နဲ့ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့တွေနဲ့ ဆက်သွယ်ပြီးဆောင်ရွက်ဖို့နဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ စီမံခန့်ခွဲမှုအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေက စခန်းတွေမှာလှူဒါန်းကြတဲ့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့နဲ့ သန့်ရှင်းမှုရှိစေဖို့ ကြီးကြပ်ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဌာနကတိုက်တွန်းနှိုးဆော်ထားပါတယ်၊၊