နိုင်ငံတော်က အသည်းရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေအတွက် အသည်းနဲ့ပတ်သက်တဲ့ ဆေးဝါးတွေကို အခု ဖေဖော်ဝါရီလကစပြီး အခမဲ့ ပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။ အခမဲ့ ပေးအပ်ရာမှာ အသည်းအဆီဖုံး၊ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အသည်းရောင် အသားဝါ စီပိုးရောဂါ ခံစားနေရသူတွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါရှင်တွေအနေနဲ့ အခမဲ့ ဆေးဝါးထောက်ပံ့မှုကို ၃ လ၊ ဒါမှမဟုတ် ၆ လအထိ သောက်သုံးသွားရမှာဖြစ်ပြီး ဆေးဝါးကုသမှု အခမဲ့ရယူလိုသူ ဝေဒနာရှင်တွေအနေနဲ့ ဖေဖော်ဝါရီ ၁ ရက်ကစကာ နီးစပ်ရာဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးဌာနတွေကို သွားရောက် ဆက်သွယ်သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဦးစီးဌာနအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး၊ မြွေဆိပ်ဖြေ ဆေး၊ ခွေးရူးပြန် ရောဂါကာကွယ်ဆေးနဲ့ ကိုဗစ်ကာကွယ်ဆေးတွေအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ဆေးတွေကို အခမဲ့ ထောက်ပံ့ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။