တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခု၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ (၅)လတာကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၀၀၀)ကျော်ရှိနေပြီး သေဆုံးသူ(၃)ယောက်ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ပြည်သူကျန်းမာရေးဦးစီးဌာနအနေနဲ့ နှစ်စဉ်သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုကို ကပ်ရောဂါအသွင် မဖြစ်ပွားစေရေးအတွက် စီမံချက်တွေ ရေးဆွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာဖြစ်ပွားလေ့ရှိရာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင်တော့ လျော့နည်း ခဲ့တယ်လို့ ပြည်သူကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းရဲ့ပြောကြားချက် အရ သိရပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ အတတ်နိုင်ဆုံးမဖြစ်ပွားစေရေးနဲ့ ဖြစ်ပွားမှုရှိရင်လာရင်လည်း အချိန်မီ ကုသမှုရရှိစေဖို့ အတွက် စောင့်ကြပ်ကြည့်ရှု့တဲ့လုပ်ငန်းကိုလည်း အမြဲမပြတ်လုပ်ဆောင်နေပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာတွေဖြစ်တဲ့ အဖျားကြီးတာ၊ မှိန်းတာ၊ တက်တာ အစရှိတဲ့ လက္ခဏာတွေကိုသိရင် အခုလို ရာသီမှာ ဖြစ်ပွားတတ်တဲ့ ရိုးရိုးရာသီ တုပ်ကွေးလို သဘာမထားဘဲ ဖျားပြီဆိုတာနဲ့စောလျင်စွာ တတ်ကျွမ်းတဲ့ ဆရာဝန် တွေကို ပြသဖို့လိုအပ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ အခုနှစ် ဇန်နဝါရီလကနေ မေလအထိ (၅)လတာကာလအတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ(၃၇၇)ယောက်ရှိပြီး သေဆုံးသူ(၁)ယောက်ရှိနေရာ ရောဂါဖြစ်ပွားမှုတွေထဲမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး မရမ်းကုန်းမြို့နယ်က ရောဂါဖြစ်ပွားမှု ဒုတိယ အများဆုံးဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

