ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခုနှစ် ဇန်နဝါရီလကနေ မေလအထိ (၅)လတာကာလအတွင်း သွေးလွန်တုပ် ကွေးရောဂါ ဖြစ်ပွားသူဦးရေ (၃၇၇)ယောက်ရှိပြီး သေဆုံးသူ(၁)ယောက် ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနကနေသိရပါတယ်။
အဲဒီသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၃၇၇)ယောက်ထဲမှာ မွေးကင်းစကနေ အသက်(၁)နှစ်အထိ(၃၅)ယောက်၊ အသက်(၂)နှစ်ကနေ (၄)နှစ်အထိ(၈၃)ယောက်၊ အသက်(၅)နှစ်ကနေ (၉)နှစ်အထိ(၁၅၂)ယောက်၊ အသက်(၁၀) နှစ်မှ(၁၄)နှစ်အထိ(၇၆)ယောက်နဲ့ အသက်(၁၅)နှစ်အထက်(၃၅)ယောက် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေထဲမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး မရမ်းကုန်းမြို့နယ်က ရောဂါဖြစ်ပွားမှုဒုတိယအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။
အခုလို သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးမြို့နယ်တွေမှာ ရောဂါနှိမ်နှင်းရေးနဲ့ ကာကွယ်ရေးအပိုင်း တွေ၊ အသိပညာပေးမှုတွေကို ဒိထက်ပိုတိုးမြှင့်လုပ်ဆောင်ပေးဖို့၊ အချို့စာသင်ကျောင်းတွေမှာကျောင်းဝင်းထဲ အထိရေနဲ့အတူ အမှိုက်တွေဝင်ရောက်တာနဲ့ မြက်ပင်ချုံနွယ်တွေပေါက်ရောက်နေမှု၊ အချို့ရပ်ကွက်တွေကရေနုတ် မြောင်းတွေမှာ ရေစီးရေလာမကောင်းပိတ်ဆို့နေတာတွေကိုလည်းဖြေရှင်းဆောင်ရွက်ပေးဖို့တွေလိုအပ်နေတယ်လို့ အဲဒီမြို့နယ်တွေမှာနေထိုင်သူအချို့ကပြောပါတယ်။
