ပြည်သူတွေ လိုအပ်နေတဲ့ ဆေးဝါးတွေကို ဆေးကုမ္ပဏီတွေရဲ့ရောင်းစျေးအတိုင်း သက်သာတဲ့ စျေးနှုန်းတွေနဲ့ ဒုတိယအကြိမ်အဖြစ် ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဒေါက်တာဝင်းကြိုင်က ပြောပါတယ်၊၊ ဆေးဝါးတွေကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၃ ရက်က စတင်ပြီး ရောင်းချပေး နေတာလို့ ဆိုပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်း ရှင်များအသင်းက ဦးဆောင်ပြီး ဖေဖော်ဝါရီ ၃ ရက်က စတင်ကာ ဒုတိယအကြိမ် ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှာ ရောင်းချပေးနေတာ ဖြစ်ပါတယ်၊၊လက်ရှိမှာ ဆေးကုမ္ပဏီပေါင်း ၆၀ ကျော်က ဆေးအမျိုးအစားပေါင်း တစ်ထောင်ကျော်ကို အမျိုးအစား အစုံအလင် နဲ့ ပူးပေါင်း ပါဝင်ရောင်းချနေတာဖြစ်တယ်လို့ ဒေါက်တာဝင်းကြိုင်က ပြောပါတယ်၊၊

အဲဒီဒုတိယအကြိမ်ဆေးရောင်းချပွဲကို ဖေဖော်ဝါရီ ၃ ရက်ကနေ ၇ ရက်အထိ ၅ ရက်တိုင်တိုင် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအနေနဲ့ ဆေးကုမ္ပဏီတွေက ပြည်သူတွေကို ဆေးဝါး တိုက်ရိုက်ရောင်းချပွဲကိုတော့ ပထမအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ရန်ကုန်၊ နေပြည်တော် နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ အရောင်းစင်တာတွေ ဖွင့်လှစ်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်၊၊