ပြည်သူတွေ လိုအပ်နေတဲ့ ဆေးဝါးတွေကို ဆေးကုမ္ပဏီတွေရဲ့ရောင်းစျေးအတိုင်း သက်သာတဲ့ စျေးနှုန်းတွေနဲ့ ဆေးဝါးတွေကို တိုးချဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဝင်းမော်ဖြိုးက ပြောပါတယ်၊၊
အဲဒီဆေးဝါးတွေ တိုးချဲ့ရောင်းချပွဲကို ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အဦနဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ သီရိဥဿာစျေးကြီး အပေါ်ထပ်၊ ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များ အရောင်းစင်တာခန်းမ စတဲ့ နေရာတွေမှာ တိုးချဲ့ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊
အခုဇူလိုင်လကုန်ကစပြီး ဆေးဝါးတွေဟာ စျေးကွက်အတွင်းပြန်လည်ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ဆေးဝါး ပြတ်လပ်မှုနဲ့ စျေးနှုန်းကြီးမြင့်မှု အတိုင်းအတာတစ်ခုထိ ကျဆင်းလာမယ်လို့ ဒေါက်တာ ဝင်းမော်ဖြိုးက ပြောပါတယ်။

လက်ရှိမှာတော့ ဆေးဝါးသုံးစွဲသူပြည်သူတွေ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူသုံးစွဲနိုင်ဖို့နဲ့ ဆေးဝါးတွေ မပြတ်လပ်စေဖို့ ရည်ရွယ်ပြီး ဇူလိုင် ၁၇ ရက်ကစပြီး ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှာ ရောင်းချပေးနေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကစပြီး ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအတွက် သွင်းကုန်လိုင်စင်တွေ ပြန်လည်ခွင့်ပြုလိုက် တာကြောင့် ဈေးကွက်အတွင်း လိုအပ်ချက်ရှိတဲ့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ပြန်လည်တင်သွင်းနေတယ်လို့ လည်း သိရပါတယ်။