ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဇူလိုင် ၈ ရက်၊ မနက် ၆ နာရီကနေ ည ၆ နာရီအထိ ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသတဲ့လူနာသစ် အယောက် ၆၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီ အယောက် ၆၀ ထဲမှာ ၆ ယောက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားတဲ့လူနာတွေဖြစ်ပြီး ကျန်တဲ့ ၅၄ ယောက်က သာမန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေဖြစ်သလို လူနာအားလုံးရဲ့ အခြေအနေမှာ သက်သာ ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များတဲ့ မြို့နယ်တွေထဲက ဒေါပုံမြို့နယ်မှာ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး သာကေတမြို့နယ်မှာလည်း ရောဂါကူးစက်မှု လျော့ကျလာပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူ့ဆေးရုံကြီးတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောလူနာတွေကို လိုအပ်တဲ့ဆေးဝါးကုသမှု ရရှိစေရေး အတွက် စနစ်တကျ ဆေးကုသပေးနေပြီး ဆေးဝါးတွေ ပံ့ပိုးတာနဲ့ ရောဂါပိုးထိန်းချုပ်တဲ့လုပ်ငန်းတွေကို အထူး အလေးပေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။