ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဇူလိုင် ၂၀ ရက်၊ ည ၆ နာရီကနေ ဇူလိုင် ၂၁ ရက်၊ ည ၆ နာရီ အ ထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသတဲ့ လူနာသစ် ၄၈ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ တစ်ရက်တာအတွင်းက ဝမ်းပျက်ဝမ်းလျှောလူနာ ၃၈ ယောက်ရှိတဲ့အတွက် အခုလူနာသစ်တွေ့ရှိမှုနဲ့ ယှဉ်ရင် ၁၀ ယောက် တက်လာတာ ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှော လူနာသစ်သစ်တွေထဲမှာတော့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံ တက်ရောက် ကုသသူ မရှိခဲ့ဘဲ လူနာအားလုံးရဲ့ အခြေအနေမှာ သက်သာကောင်းမွန်တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်မှာတော့ ရောဂါသက်သာပျောက်ကင်းတဲ့ လူနာ ၆၈ ယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။