ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆေးရုံတွေမှာ ဇူလိုင် ၁၄ ရက်၊ ည ၆ နာရီကနေ ဇူလိုင် ၁၅ ရက်၊ ည ၆ နာရီ အထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၉၆ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ တစ်ရက်တာအတွင်းက ဝမ်းပျက်ဝမ်းလျှောလူနာ ၇၇ ယောက် ရှိခဲ့တဲ့အတွက် အခုလူနာသစ်တွေ့ရှိမှု နဲ့ယှဉ်ရင် ၁၉ ယောက် တိုးမြင့်တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီဝမ်းပျက်ဝမ်းလျှောရောဂါလူနာသစ်တွေထဲမှာ ၁၃ ယောက်က ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ လူနာတွေဖြစ်ပြီး လူနာတွေအားလုံးရဲ့ အခြေအနေမှာ သက်သာကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၅ ရက်မှာ ရောဂါသက်သာပျောက်ကင်းတဲ့ လူနာ ၉၂ ယောက်ကို ဆေးရုံကနေ ဆင်းခွင့်ပြုပြီး စတင် ဖြစ်ပွားချိန်ကနေ ဇူလိုင် ၁၅ ရက်အထိဆိုရင် ဆေးရုံဆင်းလူနာစုစုပေါင်း အယောက် ၆၁၃ ရှိပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။