ရန်ကုန်တိုင်းဒေသကြီးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု များပြားနေပြီး အချို့မှာ ကာလဝမ်းရောဂါဖြစ်ပွားမှု တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက One News ကို ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးက သာကေတ၊ ဒေါပုံနဲ့ တောင်ဒဂုံ စတဲ့ မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား မှု များပြားနေတယ်လို့ သိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူတွေကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ တချို့မှာ ကာလဝမ်းရောဂါဖြစ်ပွားမှု တွေ့ရှိရပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်နေတယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ အစားအစာနဲ့ရေကြောင့်ဖြစ်ပြီး အစားအစာ သန့်ရှင်းမှု၊ ရေသန့်ရှင်းမှု၊ လက်သန့်ရှင်းမှုနဲ့ အိမ်သာသန့်ရှင်းမှု ရှိဖို့ လိုအပ်ကာ ယင်ကောင်ပေါက်ဖွား မှုကို လျှော့ချနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကတော့ Rotavirus စတဲ့ ဗိုင်းရပ်စ်ကြောင့် အဖြစ်များပြီး ကာလဝမ်းရောဂါကတော့ Vibrio Cholerae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတာ ဖြစ်တယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ပြော ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အချို့မှာတော့ လက်သုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင် စတဲ့ အစားအသောက်ရောင်းချတဲ့ ဆိုင်တွေကို ခေတ္တပိတ်ထားဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။