မိုးရာသီကာလမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု များပြားတဲ့အတွက် တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက One News ကို ပြောပါ တယ်။
ရာသီတုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူတာ၊ ဖျားနာတာ၊ ကိုက်ခဲနာကျင်တာ၊ နှာစေးချောင်းဆိုးတာတွေရှိရင် လူစုလူဝေးနေရာတွေ မသွားဖို့၊ Mask တပ်ဆင်ဖို့ နဲ့ ကာကွယ်ရေးနည်းလမ်းတွေနဲ့ နေထိုင်ဖို့ လိုအပ်တယ်လို့ ဆို ပါတယ်။

ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ သူတွေအနေနဲ့ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ နှစ်အလိုက်ထွက်ရှိတဲ့ တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံထားဖို့ လိုအပ်တာ ဖြစ်တယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။
ရာသီတုပ်ကွေးရောဂါကတော့ ရာသီတုပ်ကွေးရောဂါပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။