ပြည်သူတွေ လိုအပ်နေတဲ့ ဆေးဝါးတွေကို ဆေးကုမ္ပဏီတွေရဲ့ ရောင်းစျေး စျေးနှုန်းအတိုင်း သက်သာတဲ့ စျေးနှုန်းတွေနဲ့ ဇူလိုင်လ ၁၇ ရက်ကစတင်ပြီး ဆေးဝါးတွေကို ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းကြိုင်က ပြောပါတယ်၊၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်း ရှင်များအသင်းက ဦးဆောင်ပြီး ဆေးကုမ္ပဏီတွေက ပြည်သူတွေဆီ တိုက်ရိုက်ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှာ ရောင်းချပေးနေတာဖြစ်ပါတယ်၊၊
အဲဒီဆေးရောင်းချပွဲကို ဇူလိုင် ၁၇ ရက်စတင်ပြီး အပတ်စဥ် တနင်္လာနေ့ကနေ စနေနေ့အထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဆေးဝါးတွေကို ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

ပြည်သူတွေကို ဆေးကုမ္ပဏီတွေက ဆေးဝါးတိုက်ရိုက်ရောင်းချပေးရာမှာ လက်ရှိမှာ ကုမ္ပဏီပေါင်း ၄၀ ကျော်က ပူးပေါင်းပါဝင်ပြသနေတာဖြစ်ပြီး အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်း သက်သာတဲ့ စျေးနှုန်းတွေနဲ့ ရောင်းချပေးဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာဝင်းကြိုင်က ပြောပါတယ်၊၊
လက်ရှိ ဆေးရောင်းချပွဲမှာတော့ ပြည်သူတွေအတွက် အခြေခံအိမ်သုံးဆေးဝါးတွေအပြင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာဆေး၊ ပိုးသတ်ဆေး၊ အရိုးနဲ့ အကြောအထောက်အကူပြုပစ္စည်းတွေကို အမျိုးအစား စုံလင်စွာ ကုမ္ပဏီတွေကနေ တိုက်ရိုက်ရောင်းချပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊