ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဩဂုတ် ၂၁ ရက်ကနေ ဩဂုတ် ၂၆ ရက်အထိ ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူ လူဦးရေ ကိုးထောင်ကျော်ကို စောင့်ကြပ်ကြည့်ရှုခဲ့ရာ မျောက်ကျောက်ရောဂါသံသယလူနာ မတွေ့ရှိရသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။
လက်ရှိမှာတော့ ပြည်ပနိုင်ငံတွေက ဝင်ရောက်လာသူတွေကို ကိုယ်အပူချိန်တိုင်းတာတာ၊ ကျန်းမာရေးကြေညာချက်ကို စစ်ဆေးတာ၊ ခရီးသည်တွေကို Mpox (မျောက်ကျောက်)ရောဂါနဲ့ ပတ်သက်တဲ့ နှိုးဆော်ထားရှိတာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မျောက်ကျောက်ရောဂါ သံသယလူနာတွေ့ရှိလာခဲ့ရင် ဝေဘာဂီဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပြင်ဆင်ထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကသိရပါတယ်။ Mpox(မျောက်ကျောက်)ရောဂါကာကွယ်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ ရေလမ်းခရီးလမ်းကြောင်းတွေကဝင်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေ ဖြည့်သွင်းရမှာဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန် အသိပေးထားပါတယ်။