မြွေဆိပ်ဖြေဆေး ထုတ်လုပ်ဖို့အတွက် မြွေပွေးနဲ့မြွေဟောက် အကောင်ရေ ၁၆၀၀ ဝယ်ယူလိုတယ်လို့ ဆေးဝါး စက်ရုံ(အင်းစိန်)က ထုတ်ပြန်ကြေညာထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတွေက ဖမ်းဆီးရမိတဲ့ မြွေပွေး အကောင် ၁၂၀၀ နဲ့ မြွေဟောက် အကောင် ၄၀၀ ဝယ်ယူလိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝယ်ယူမယ့် မြွေတွေဟာ တစ်ကောင်ကို ငါးဆယ်ကျပ်သားနဲ့ အထက်ရှိရမှာဖြစ်ပြီး မြွေပွေးတစ်ကောင်ကို တစ်သောင်းကျပ်နဲ့ မြွေဟောက်တစ်ကောင်ကို ကျပ်တစ်သောင်းခွဲ သတ်မှတ်ထားကာ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်းက ဆေးဝါးစက်ရုံ(အင်းစိန်)ကို အရောက် ပေးပို့ရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရောင်းချလိုတဲ့ အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်နဲ့ ဝယ်ယူသွားမှာဖြစ်ပြီး အသေးစိတ်သိရှိလိုရင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။