မြန်မာနိုင်ငံထဲကို Mpox(မျောက်ကျောက်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် အထူးအလေးထားဆောင်ရွက်နေတယ်လို့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောပါတယ်။
ဩဂုတ် ၁၉ ရက်က ပြုလုပ်တဲ့ Mpox(မျောက်ကျောက်)ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒေါက်တာသက်ခိုင်ဝင်းက အခုလိုပြောကြားလိုက်တာပါ။ နိုင်ငံဖြတ်ကျော် ဝင်ပေါက်ထွက်ပေါက်တွေမှာ Mpox(မျောက်ကျောက်)ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို ပြည်တွင်း/ပြည်ပ ခရီးသွားလာမှုတွေကို မထိခိုက်စေဘဲ အထူးအလေးထားပြီး ဆောင်ရွက် သွားမယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဩဂုတ် ၁၄ ရက်မှာ Mpox(မျောက်ကျောက်)ရောဂါကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ပြန်လည်သတ်မှတ်ထားပါတယ်။ မျောက်ကျောက်ရောဂါကို နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ပထမအကြိမ် သတ်မှတ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ မျောက်ကျောက်သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာ ၁၂၉ ခုကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ မျောက်ကျောက် အတည်ပြုလူနာမတွေ့ရှိရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။