မကွေးတိုင်းအတွင်းက ကျေးရွာတွေကို မျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ အတွင်းတိမ်ရောဂါဖြစ်ပွားမှု ပိုမိုများပြားနေတယ်လို့ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနကနေ သိရပါတယ်။

မကွေးတိုင်းဟာ ဖုန်ထူထပ်တဲ့ဒေသဖြစ်ပြီး မျက်ခမ်းစပ်ရောဂါ၊မျက်မှေးရောင်ရောဂါ စတဲ့ ရောဂါတွေ အဖြစ်များနေတာကြောင့် ကြိုတင်ကာကွယ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ကျေးရွာတွေအထိ မျက်စိစစ်ဆေးပေးတဲ့အခါမှာ အတွင်းတိမ်ရောဂါ တွေကို အတွေ့ရများပြီး တခြားမျက်စိ ရောဂါတွေလည်း တွေ့ရတယ်လို့ မကွေးခရိုင်မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းဌာနမှ တာဝန်ခံဆရာမဒေါ်အေးဝင်းခိုင်က ပြောပါတယ်။

တိုင်းအတွင်းက ကျေးရွာတွေကို မျက်ခမ်းစပ်ဌာနက တစ်လကို နှစ်ရွာနှုန်းနဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးနေပြီး ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုတွေသာမက အခြေခံပညာစာသင်ကျောင်းတွေက ကလေးတွေကိုပါ စစ်ဆေး ပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မကွေးခရိုင်အတွင်းက ကျေးရွာတွေကို ကွင်းဆင်းကုသ စစ်ဆေးပေးခဲ့ရာမှာ မျက်စိရောဂါဖြစ်ပွားသူ ၂၈၃ ယောက်ကို ကုသပေးနိုင်ခဲ့ပြီး အတွင်းတိမ်ရောဂါ ဖြစ်ပွားသူ ၉၉ ယောက်ကိုလည်း ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။