နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ မြို့နယ်(၇)ခုမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လူနာတင်ယာဉ်စခန်း(၇)ခုနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူနာတင်ယာဉ်စခန်း(၂)ခု စုစုပေါင်း(၉)ခု ဖွင့်လှစ်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပတဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်ခြင်း အသိပေးမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာပါ။အခုလို ဖွင့်လှစ်ရတာက ရှေးဦး အသက်ကယ်နိုင်ဖို့နဲ့ လူနာတွေကို လိုအပ်တဲ့ ကုသမှုတွေ အချိန်မီ ဆောင်ရွက် ပေးနိုင်ဖို့ဖြစ်ပြီး ဒီလိုဆောင်ရွက်နိုင်တဲ့အတွက် မလိုလားအပ်တဲ့ အသက်ဆုံးရှုူံးမှုတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုတွေ နဲ့ နောက်ဆက်တွဲ လူမှုစီးပွား ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

လူနာတင်ယာဉ်စခန်း (၉)ခုကို နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ဇမ္မူသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ ၊ ဒက္ခိဏသီရိ၊ ဇေယျာသီရိ၊ လယ်ဝေး နဲ့ ပျဉ်းမနားမြို့နယ်တွေမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရတဲ့ လူနာ တွေရှိရင်အရေးပေါ် ခေါ်ဆိုမှု ဖုန်းနံပါတ် (192)ကို ခေါ်ဆိုပြီး လူနာတင်ယာဉ်ခေါ်ယူနိုင်တယ်လို့ သိရပါ တယ်။ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွေမှာ ယာဉ် တိုက်မှု ၃၈၇၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးသူ ၂၀၁၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၅၇၆ ယောက် ရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။