နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြိုနယ်မှာ စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ အလှူရှင်တွေက လာရာက်လှူဒါန်းတဲ့အစားအသောက်တွေကိုစားသောက်ပြီးနောက် ရေဘေးသင့်ပြည်သူ ၁၀၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက် မနက် ၁၀ နာရီအချိန်လောက်က ရေဘေးသင့်ဒေသတွေဖြစ်တဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြိုနယ်ရှိ ကြက်သွန်းခင်းကျေးရွာနဲ့ ချောင်းခြားကျေးရွာတွေမှာ အလှူရှင်တွေက လာရာက်လှူဒါန်းတဲ့ ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်တွေကို စားသောက်ပြီးနောက် ညနေပိုင်းလောက်မှာ ဝမ်းလျှောတာ၊ အော့အန်တာအစရှိတဲ့ အစာအဆိပ်သင့်ရောဂါလက္ခတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊


အဲဒီအစာအဆိပ်သင့်ဖြစ်ပွားခဲ့တဲ့နေရာတွေကို ဆေးဘက်ဆိုင်ရာဆရာဝန်တွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးမှူးတွေက လူမှုကူညီရေးအသင်းတွေနဲ့အတူ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်၊၊
အစာအဆိပ်သင့်ဖြစ်ပွားခဲ့တဲ့သူတွေကို တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ပြည်သူဆေးရုံမှာ ပြင်ပလူနာအဖြစ် အယောက် ၅၀၊ အတွင်းလူနာအဖြစ် ၅၆ ယောက်၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်မှာ အတွင်းလူနာအဖြစ် ၅ ယောက်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၃၀၀)မှာ အတွင်းလူနာအဖြစ် ၄ ယောက် စုစုပေါင်း ၁၁၅ ယောက် တက်ရောက်ကုသခဲ့ပြီးလူနာတွေရဲ့အခြေအနေက သက်သာကောင်းမွန်တယ်လို့သိရပါတယ်၊၊
ဒါ့အပြင် သဘာဝဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေကို အစားအသောက်တွေလှူဒါန်းရာမှာ အလှူရှင်တွေက ပူပူနွေးနွေး ပြင်ဆင်ထားတဲ့ သန့်ရှင်းတဲ့အစားအသောက်တွေကိုပြင်ဆင်ပေးပို့လှူဒါန်းကြဖို့နဲ့ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့နဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ စီမံခန့်ခွဲမှုအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေက စခန်းတွေမှာလှူဒါန်းကြတဲ့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့နဲ့ သန့်ရှင်းမှုရှိစေဖို့ ကြီးကြပ်ဆောင်ရွက်ပေးဖို့ ကျန်းမာရေးဌာနကတိုက်တွန်းနှိုးဆော်ထားပါတယ်၊၊