ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ လူနေမှုဘဝပုံစံတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ တိရစ္ဆာန်တွေကနေတစ်ဆင့် စတင်ကူးစက်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေနဲ့ ကူးစက်ရောဂါအသစ်တွေ ဖြစ်ပွားတာကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ကာကွယ်ရမယ်လို့ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြောပါတယ်၊၊
ဇွန်လ ၁၃ ရက် မနက် ၉ နာရီအချိန်လောက်က နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှာကျင်းပတဲ့ မြန်မာနိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊၊

ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနဲ့ သင်တန်းကျောင်းဟာ မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေး သင်္ကတအဖြစ် တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးခဲ့တာဖြစ်ပြီး တရုတ်ယွမ်ငွေ သန်း ၃၃၀ လောက်နဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်၊၊
အခုဖွင့်လှစ်လိုက်တဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနဲ့ သင်တန်းကျောင်းမှာ ကူးစက်လွယ်တဲ့ရောဂါတွေဖြစ်တဲ့ လေနဲ့အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို စစ်ဆေးနိုင်တဲ့ နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်း၊ အသင့်အတင့် ကူးစက်နိုင်ခြေရှိတဲ့ ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားတွေကို စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲ ခန်းတွေ၊ ဓာတ်ခွဲခန်းကနေတစ်ဆင့် ကူးစက်နိုင်ခြေနည်းပါးတဲ့ ကူးစက်ရောဂါပိုးပါဝင်မှု၊ မျိုးမပွားနိုင်တဲ့ ဗိုင်းရပ်စ် အပိုင်းတွေ၊ ကပ်ပါးပိုးတွေစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေနဲ့ ဓာတုအဆိပ်၊ သွေး၊ သွေးရည်ကြည်နဲ့ မော်လီကျူး တွေကို စစ်ဆေးနိုင်တဲ့ဓာတ်ခွဲခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်၊၊
