၂၀၂၄ ခုနှစ် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ပြုလုပ်တဲ့ရွှေကြိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ အရွေး မခံရတဲ့ မောင်မယ်တွေကို ဖျော်ဖြေရေးကဏ္ဍအတွက် ပြန်လည်ခေါ်ယူရာမှာ လာရောက် လျှောက်ထားသူတွေထဲက ၁၆ ယောက်ကို ရွေးချယ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။

ရွှေကြိုမောင်မယ်တွေအဖြစ် နောက်ဆုံးအဆင့်မှာ အရွေးမခံရပေမယ့်လည်း အရည်အသွေးရှိပြီး ဝါသနာ ကြီးတဲ့ မောင်မယ်အားလုံးကို အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီထိ နောက်ဆုံးထား စာရင်း ပေးသွင်းဖို့ ပြန်လည်ဖိတ်ခေါ်ခဲ့တာပါ။ရွှေကြိုပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ အရွေးမခံရတဲ့ သူတွေကို ဖျော်ဖြေရေးကဏ္ဍအတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက အခုလိုပြန်လည်ခေါ်ယူပေးတာဟာ ဒီနှစ်မှာသာ ပြုလုပ်တဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်ဖြစ်တယ် လို့လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ကူညီနိုင်ဖို့ ရွှေကြိုမောင်မယ်တွေအဖြစ် ရုပ်ရှင်စိတ်ဝင်စားသူ လူငယ်တွေကို လျှောက်လွှာခေါ်ယူခဲ့ရာကနေ နောက်ဆုံး ဆန်ခါတင်အဖြစ် ရွှေကြိုမောင်မယ် အယောက်(၄၀)ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ လာမယ့် ဖေဖော်ဝါရီ ၉ ရက် နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပြီး အကယ်ဒမီဆု ၁၅ ဆု ပေးအပ်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားထားပါတယ်။