၂၀၂၅-၂၀၂၆ ခုနှစ် အိန္ဒိယအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲမှာ ပါဝင်ပြသဖို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ကို ဖိတ်ခေါ်ထားတယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ပြပွဲကိုတော့ လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကနေ ၂၅ ရက်အထိ (၂၁) ရက်ကြာ အိန္ဒိယနိုင်ငံ၊ ကို့လ် ကတ္တားမြို့မှာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ G.S Marketing Association တို့ ပူးပေါင်းကျင်းပသွားမှာပါ။

ပြပွဲမှာတော့ မြန်မာနိုင်ငံအတွက် ပြခန်းအရေအတွက်အလိုက် လျှော့ဈေး ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ အထူးဈေးနှုန်း သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ ကုန်စည်ပြပွဲမှာ ၉ စတုရန်းမီတာ ပြခန်းတစ်ခုကို ငှားရမ်းခ နှုန်း အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ ၁၈ ရာခိုင်နှုန်း အခွန် ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ကြိုတင်အသိပေးအကြောင်းကြားမယ်ဆိုရင် B2B ဆွေးနွေးပွဲတွေကို စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပြီး လာရောက် ပြသသူတွေ အဆင်ပြေစေဖို့ ကုန်စည်ပြပွဲနဲ့ အနီးဆုံးနေရာမှာ မိမိတို့ရဲ့စရိတ်နဲ့ တည်းခိုနေထိုင်ဖို့ စီစဉ်ပေးမှာ ဖြစ် တယ်လို့လည်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။

ပြပွဲမှာတော့ လူသုံးကုန်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အထည် အလိပ်တွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေနဲ့ စက်ပစ္စည်းတွေ စတဲ့ ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံပေါင်း (၁၈)နိုင်ငံလောက်က ကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေက ပြခန်းတွေ ဖွင့်လှစ်ပြီး ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ကုန်စည်ပြပွဲမှာ ပါဝင်ပြသလိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲမှာ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်တယ်လို့လည်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။