ကမ္ဘာပေါ်မှာ အလှဆုံးရှိုးပွဲတစ်ခုအဖြစ် ထင်ရှားပြီး တစ်နှစ်တစ်ကြိမ်သာ ကျင်းပလေ့ရှိတဲ့ ရီယိုကာနီဗယ် ပွဲတော် ကို ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၈ ရက်အထိ ဘရာဇီးနိုင်ငံ၊ ရီယိုမြို့မှာ ကျင်းပနေပြီဖြစ်ကြောင်း AFP သတင်းမှာ ပါရှိပါတယ်။

အဲဒီပွဲတော်မှာ ကပြစီတန်းလှည့်လည်ပွဲဟာ ပွဲတော်ရဲ့ အဓိကပြိုင်ပွဲကြီးဖြစ်ပြီး ဆမ်ဘာ အကကျောင်းတွေက အကသမားတွေ၊ တီးမှုတ်သူတွေ အပြိုင်ဆင်နွှဲကြတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အကကျောင်း တိုင်းဟာ ဝတ်စားဆင်ယင်မှုနဲ့ရော သီဆိုဖျော်ဖြေမှုနဲ့ပါ ဇာတ်လမ်းကို တေးသရုပ်ဖော်တာ ဖြစ်ပါတယ်။

ဆမ်ဘာဒရုမ်းလို့ခေါ်တဲ့ အားကစားကွင်းလို ပွဲကြည့်စဉ်တွေရှိတဲ့ စီတန်းလှည့်လည်ရာ ပွဲတော်ဝင်းကြီးထဲမှာ လူသိန်းချီ လာရောက်ကြည့်ရှုကြသလို ရုပ်သံကနေလည်း သန်းချီကြည့်ရှုတဲ့ပွဲကြီး ဖြစ်ပါတယ်။သောကြာ၊ စနေ ပထမနှစ်ရက်မှာ ဆန်ခါတင်အဖွဲ့တွေ ရွေးချယ်ပွဲကို အရင်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ ဒီနှစ်ရက်မှာ အကောင်းဆုံးအဖြစ် အရွေးခံရတဲ့ အဖွဲ့တွေဟာ နောင်နှစ်ကျရင် ပင်မပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။