မြန်မာ့စိုက်ပျိုးရေးပြပွဲ AGRI TECH MYANMAR 2025 မှာ ပြခန်းပေါင်း ၁၂၀ ခန့် ပါဝင်ပြသသွားမယ်လို့ ပွဲစီစဉ်သူ ဦးဇာနည်က ပြောပါတယ်။အဲဒီပြပွဲကို Silver Sea International ကုမ္ပဏီက ကြီးမှူးကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင် တာ(YCC)မှာ ဇွန်လ ၂၇ ရက်ကနေ ၂၉ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

စိုက်ပျိုးရေးနည်းပညာအသစ်တွေ၊ ဝန်ဆောင်မှုနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ၊ မျိုးစေ့နဲ့မြေဩဇာတွေကို တောင် သူတွေနဲ့ လုပ်ငန်းရှင်တွေကို မိတ်ဆက်ပေးနိုင်ဖို့၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် ကုန်ကြမ်းနဲ့ကုန်ချောတွေကို ပြည်တွင်းပြည်ပဈေးကွက်နဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။ပြပွဲကနေ စိုက်ပျိုးရေးထွက်ကုန်တွေကို ကုန်ချောထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆန်စက်၊ ဆီစက်၊ မွေးမြူရေး အစာစက်၊ အအေးခန်းစက်ပစ္စည်း၊ အစားအသောက်ပြုလုပ်ထုတ်လုပ်တဲ့စက် စတာတွေနဲ့ နည်းပညာတွေကို လုပ်ငန်းရှင်တွေက လေ့လာဝယ်ယူနိုင်မယ်လို့ သိရပါတယ်။အဲဒီအပြင် စိုက်ပျိုးမွေးမြူရေးနဲ့ အစားအသောက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအချင်းချင်း တောင်သူတွေ အချင်းချင်း ပြပွဲမှာတွေ့ဆုံပြီး အတွေ့အကြုံတွေ ဖလှယ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြပွဲမှာ စိုက်ပျိုးရေးသုံးဆေးဝါးတွေ၊ မြေဩဇာနဲ့မျိုးစေ့တွေ၊ လယ်ယာသုံးထွန်စက်၊ ကောက်ရိတ်စက်၊ ရိတ်သိမ်း ချွေလှေ့စက်၊ ဂရင်းဟောက်စ်တွေ၊ ရေပေးဝေရေးစနစ်တွေ အပါအဝင် စိုက်ပျိုးမွေးမြူရေးနဲ့ ရေလုပ်ငန်းထုတ်ကုန် ကုန်ချောထုတ်လုပ်တဲ့စက်တွေ၊ အအေးခန်းစက်၊ ထုပ်ပိုးစက်၊ ဆိုလာနဲ့စွမ်းအင်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေနဲ့ နည်းပညာ အစရှိတာတွေကို ပြသသွားမယ်လို့ သိရပါတယ်။AGRI TECH MYANMAR 2025 ပြပွဲနဲ့အတူ Food & Beverage Myanmar / HoReCa Myanmar 2025 Myanmar Power & Machinery Show 2025 ပြပွဲတွေကိုပါ ပူးတွဲကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ နိုင်ငံတစ်ဝန်းက ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်ငန်း၊ ဟိုတယ်၊ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်လုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ထုတ်လုပ်မှုပစ္စည်းတွေ၊ ထုပ်ပိုးစက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ လုပ်ငန်းသုံးပစ္စည်းတွေနဲ့ လျှပ်စစ်အတွက်လိုအပ်တဲ့ ထရန်စဖော်မာ၊ ဂျင်နရေတာ၊ ဆိုလာနဲ့ ဘက်ထရီတွေကို ပါဝင်ပြသသွားမှာ ဖြစ်တယ်လို့လည်း YCC က ကြေညာထားပါတယ်။