မြန်မာမှုပန်းဆယ်မျိုးကို အခြေခံကာ ဇာတ်လမ်းတို ရိုက်ကူးရေးပြိုင်ပွဲတစ်ခု ကျင်းပသွားမယ်လို့ မြန်မာ အနု ပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို)ကနေ သိရပါတယ်။ပြိုင်ပွဲကို မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို)ရန်ကုန်နဲ့ မြန်မာအနုပညာနှင့် ယှဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်း(မန္တလေးရုံးခွဲ)တို့က စီစဉ်ကျင်းပတာပါ။

ပြိုင်ပွဲမှာ ရုပ်သံဖိုင် ဇာတ်လမ်းတိုအဖြစ် (၃)မိနစ်ကနေ(၁၀)မိနစ်ထက် မကျော်လွန်တဲ့ ရုပ်သံဖိုင် ဖြစ်ရမှာ ဖြစ်ပြီး နှစ်သက်ရာ ဗီဒီယိုကင်မရာ ဒါမှမဟုတ် ဖုန်းနဲ့ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာအရည်အသွေး ကောင်းမွန်းရမှာဖြစ်ပြီး မိမိကိုယ်တိုင်ဖြစ်စေ အဖွဲ့ကိုယ်တိုင်ဖြစ်စေ ရေးသားဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်ရမှာ ဖြစ်ပါတယ်။ AI နည်းပညာအသုံးချပြီး ရိုက်ကူးတာတွေကို ပယ်ဖျက်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။အခုလို ပြိုင်ပွဲပြုလုပ်ရတာက မြန်မာမှုအဖြစ် ပန်းဆယ်မျိုးကို ဖော်ထုတ်ချင်တဲ့အတွက်ဖြစ်ပြီး ပြိုင်ပွဲမှာ ဆုရရှိတဲ့ သူတွေကို ထိုက်တန်တဲ့ ဆုကြေးတွေ သတ်မှတ်ထားတယ်လို့ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး အသင်း(ဗဟို) အတွင်းရေးမှူး ဦးသန်းထွန်းစိုးက ပြောပါတယ်။

ပြိုင်ပွဲကို မြန်မာနိုင်ငံသားအားလုံး လူမျိုး၊ ဘာသာ၊ ကျားမ၊ အသက်အရွယ် အကန့်အသတ်မရှိ စိတ်ပါဝင်စားသူ ဝါသနာရှင်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ ဆိုပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်သူတွေအနေနဲ့ ရုပ်သံဖိုင်တွေကို အောက်တိုဘာ(၁)ရက်ကနေ(၃၁)ရက်အတွင်း မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို) ရန်ကုန် နဲ့ မြန်မာအနုပညာနှင့် ယှဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (မန္တလေးရုံးခွဲ)တို့ရဲ့ Email ကို ပေးပို့ ယှဉ်ပြိုင်နိုင်ပါတယ်။ ပေးပို့လာတဲ့ ရုပ်သံဖိုင်တွေကိုတော့ နိုဝင်ဘာ(၁)ရက်ကနေ နိုဝင်ဘာ(၁၅)ရက်အတွင်း အကဲဖြတ်ဒိုင်အဖွဲ့တွေက အမှတ်ပေးစနစ်နဲ့ ရွေးချယ်စိစစ်ကာ ဆုရဇာတ်ကားတွေကို ကြေညာပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။




