ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center (QSNCC)မှာ ဧပြီလ(၂)ရက်ကနေ (၆)ရက်အထိ STYLE Bangkok 2025 ပြပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Mr,Suchart Chomklin ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာန(DITP) ညွှန်ကြားရေးမှူးချုပ် မစ္စ Sunanta Kangvalkulkij ၊ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြခန်းပါဝင်ပြသသူတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဖိတ်ကြားထားတဲ့ ထိုင်းနိုင်ငံက မီဒီယာတွေအပြင် ပြည်ပမီဒီယာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

STYLE Bangkok 2025 ပြပွဲကြီးကို ထိုင်းနိုင်ငံမှာ ကျင်းပလာခဲ့တာဟာ အခုအကြိမ်နဲ့ပါဆိုရင် (၈)ကြိမ်မြောက် ရှိပြီဖြစ်ပြီး အဲဒီပြပွဲမှာ ပြခန်းပေါင်း (၄၄၀)ကျော်ပါဝင်ပြသခဲ့ကာ အဲဒီထဲမှာ မြန်မာကုမ္ပဏီ (၄)ခုရဲ့ ပြခန်းတွေနဲ့ တခြားနိုင်ငံတကာက လာရောက်ပြသတဲ့ ပြခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။ပြပွဲမှာ ပရိဘောဂတွေ၊ အိမ်အလှဆင်ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အရုပ်တွေ၊ စာရေးကိရိယာတွေ၊ ကျန်းမာရေး၊ spa ထုတ်ကုန်တွေ၊ ဖက်ရှင်ပစ္စည်းတွေ၊ အထည်အလိပ်တွေ၊ သားရေပစ္စည်းတွေ၊ ယွန်းထည်တွေ၊ ဝါးနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေ၊ ငှက်ပျောချည်နဲ့ထုတ်လုပ်ထားတဲ့ အဝတ်အထည်နဲ့အသုံးအဆောင်တွေ၊ အလှကုန်တွေ ၊ လက်ဝတ်ရတနာတွေ၊ရေချိုးခန်းသုံးပစ္စည်းတွေ၊ ဆွဲခြင်းနဲ့လက်ကိုင်အိတ် အစရှိတာတွေ အပါအဝင် ထုတ်ကုန်ပေါင်းများစွာကို ခင်ကျင်းပြသားခဲ့တာဖြစ်ပါတယ်။

STYLE Bangkok 2025 ပြပွဲကြီးဟာ ထင်ရှားကျော်ကြားတဲ့ပြပွဲကြီးဖြစ်ပြီး အဲဒီပြပွဲကြီးကို ထိုင်းနိုင်ငံ ကုန်သွယ်မှု ဘုတ်အဖွဲနဲ့ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ကျင်းပတာဖြစ်ပြီး နိုင်ငံ့စီပွား ရေးမြှင့်တင်ဖို့နဲ့ ပို့ကုန် တင်ပို့မှု ပိုမိုကျယ်ပြန်လာစေဖို့ အစရှိတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။