ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၆ ရက်အထိ ကျင်းပမယ့် Bangkok Gems and Jewelry Fair (ဘန်ကောက်ကျောက်မျက် ရတနာပြပွဲ)မှာ မြန်မာကျောက်မျက်ပြခန်းတွေ ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။

အဲဒီပြပွဲဟာ ဘန်ကောက်မြို့ရဲ့ အကြီးကျယ်ဆုံး ကျောက်မျက်ရတနာပြပွဲကြီး တစ်ခုဖြစ်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၁၃၀ က ကျောက်မျက်ရတနာကုန်သည်တွေ၊ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ ကျောက်မျက်ကို စိတ်ပါ ဝင်စားသူတွေနဲ့ လေ့လာသူတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ပြပွဲမှာတော့ ကမ္ဘာ့အဆင့်မီ ဆန်းသစ်လှပတဲ့ ကျောက်မျက်ရတနာဒီဇိုင်းများစွာကို ပြသမယ့် ကျောက်မျက်လုပ် ငန်းပေါင်း ၁၁၀၀ ကျော်နဲ့ ပြခန်းပေါင်း ၂၆၀၀ ကျော် ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။

ပြပွဲကို လာရောက်ကြ သူတွေအနေနဲ့ ကျောက်မျက်ရတနာဒီဇိုင်းမျိုးစုံကို လေ့လာနိုင်မှာဖြစ်ပြီး ကျောက်မျက်ဒီဇိုင်း ပညာရှင်တွေရဲ့ လက်တွေ့တီထွင်ဖန်တီးမှုတွေ ပါဝင်မယ့် တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲ စတဲ့ လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်သွား မယ်လို့ သိရပါတယ်။