(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ တိုင်းရင်းသားဈေးပွဲတော်နဲ့သနပ်ခါးဈေးပွဲတော်ကို ဖေဖော်ဝါရီလ(၁၁)ရက်ကနေ ၁၃ရက်အထိ ရန်ကုန်မြို့၊အင်းလျားလမ်းက စိမ်းလမ်းစိုပြေဥယျာဥ်မှာကျင်းပနေပါတယ်။ဒီပွဲတော်ကို မနက်(၁၀)နာရီကနေည(၉)နာရီအထိဖွင့်လှစ်သွားမှာဖြစ်ပြီးဝင်ကြေးအခမဲ့ဖြစ်တယ်လို့သိရပါတယ်။

ပွဲတော်ကျင်းပရတာက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုအခြေခံပြီး တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးစံတွေကို သိရှိစေဖို့ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။တိုင်းရင်းသားဈေးပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလာတာဖြစ်ပြီး ဒီနှစ်မှာတော့ သနပ်ခါးလိမ်းခြယ်တဲ့ ဓလေ့ကို ယူနက်စကို တင်သွင်းတဲ့အခါ အထောက်အကူဖြစ်စေဖို့အတွက်သနပ်ခါးဈေးပွဲတော်ကိုလည်း ထည့်သွင်းကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

ပွဲတော်မှာဆိုရင်တိုင်းရင်းသားများရဲ့ရိုးရာဝတ်စုံအရောင်းဆိုင်တွေ၊ ရိုးရာအစားအစာ အရောင်းဆိုင်တွေအပါအဝင် မြန်မာ့ရိုးရာသနပ်ခါးတုံးအရောင်းဆိုင်တွေ၊ ရိုးရာသနပ်ခါးနဲ့ပြုလုပ်ထားတဲ့ အလှကုန်တွေရောင်းချတဲ့ဆိုင်တွေ ခင်းကျင်းပြသထားပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့၊ညနေ(၄)နာရီအချိန်မှာ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးပြီး “သွေးချင်းစုံလင် သနပ်ခါးသဘင်” သရုပ်ဖော်ပြိုင်ပွဲလည်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။