ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ သံ ၊ သံမဏိ ၊ ဘိလပ်မြေ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို သက်သာတဲ့နှုန်းထားနဲ့ ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချဖို့ စီစဉ်နေ တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၉ ရက်က ပြုလုပ်ခဲ့တာပါ။ငလျင်ဘေးသင့်အဆောက်အအုံတွေကို ငလျင်ပြင်းအားရစ်(ခ် )တာစကေး ၈ အဆင့် ဒဏ်ခံနိုင်ဖို့အတွက် ပြန်လည် တည်ဆောက်ရာမှာ အရည်အသွေးမှန်ကန်ပြီး အာမခံချက်ရှိတဲ့ပစ္စည်းတွေကို သက်သာတဲ့နှုန်းထားနဲ့ ဝယ်ယူနိုင်ဖို့ နဲ့ အဆောက်အအုံတွေ လျင်မြန်စွာဆောက်လုပ်နိုင်ဖို့ ဈေးရောင်းပွဲတော် ကျင်းပမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက ပြောပါတယ်။

အဲဒီဈေးရောင်းပွဲတော်ကို နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ကျင်းပသွားမယ်လို့ သိရပါ တယ်။ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဟာ မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ငလျင်ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ စုံစမ်းကြည့်တဲ့အခါမှာ အဲဒီပစ္စည်းတွေရဲ့ဈေးနှုန်းတွေက ကြီးမြင့်နေပြီး ကွာခြားမှု ရှိနေတာကို တွေ့ရတဲ့အတွက် အရည်အသွေးပြည့်မီပြီး ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ အလုံအလောက် အချိန်မီရရှိနိုင် ဖို့အတွက် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချသွားမှာ ဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။

ဘိလပ်မြေထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း ဘိလပ်မြေဝယ်လိုအား မြင့်တက်လာတဲ့အတွက် တိုးမြှင့်ထုတ်လုပ် ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၅ သောင်းကျော်အထိ ဈေးနှုန်း မြင့် တက်နေပြီး ပစ္စည်းဝယ်လို့ မရတာတွေဖြစ်နေတယ်လို့ ရန်ကုန်က ဆောက်လုပ်ရေးလုပ်သားတစ်ယောက်က ပြောပါတယ်။ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ လူနေအိမ်အဆောက်အအုံတွေ ၊ စက်ရုံအလုပ်ရုံတွေနဲ့ လမ်းတံတားတွေ အမြန် ဆုံး ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ဘိလပ်မြေစက်ရုံတွေ၊ သံနဲ့သံမဏိစက်ရုံတွေ၊ အမိုးပြားစက်ရုံတွေ၊အထပ်သား စက်ရုံတွေနဲ့ အုတ်စက်ရုံတွေကို စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ဖို့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်း ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။