စစ်ကိုင်းမြို့က ငလျင်ကြီးဒဏ်သင့်ပြည်သူတွေအတွက် အိမ်ဆောက်ပစ္စည်းအရောင်းပြပွဲကို မေလ ၁၂ ရက်ကနေ ၁ ၆ရက်အထိ စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် အားကစားကွင်းမှာ ကျင်းပနေပါတယ်။ ဒီအရောင်းပြပွဲမှာ ဘိလပ်မြေ၊ အုတ်၊ သံ၊ သံမဏိ၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ အိမ်သုံးပစ္စည်းအမျိုးမျိုးကို ကုမ္ပဏီတွေက အရောင်းပြခန်းတွေ ဖွင့်လှစ်ပြီး ရောင်းချပေးနေတာပါ။

အဲဒီလိုရောင်းချပေးရာမှာ ပြင်ပပေါက်ဈေးထက် ရာခိုင်နှုန်းလျှော့ချပြီး ရောင်းချပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းစက်မှုဇုန်ကထွက်တဲ့ အိမ်အမိုးပြားတွေကိုလည်း ပြင်ပပေါက်ဈေးထက်လျှော့ပြီး ရောင်းချပေးတယ်လို့ စစ်ကိုင်းတိုင်ဟုန်း PVC အမိုးပြားစက်ရုံက မန်နေဂျာ ဦးစိုးလှိုင်ထွန်းက ပြောပါတယ်။ ပြပွဲမှာတော့ ဘိလပ်မြေအရောင်းပြခန်းမှာ လာရောက်ဝယ်ယူသူအများအပြားရှိတာကိုလည်း တွေ့ရပါတယ်။

ဘိလပ်မြေတစ်အိတ်ကို ကားတင်ခအပြီး ကျပ် ၂၂၀၀၀ နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ပြင်ပပေါက်ဈေးကတော့ စစ်ကိုင်းမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ်၂၆၀၀၀ ကနေ ၂၈၀၀၀ အထိ ရှိနေတာပါ။ဘိလပ်မြေဝယ်ယူမယ်ဆိုရင် မှတ်ပုံတင်မူရင်း၊ နေအိမ်အဆောက်အဦပြိုကျပျက်စီးသွားတဲ့ အထောက်အထား ဓာတ်ပုံတွေ ပြသပြီး ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ဘာအထောက်အထားမှ ပြစရာမလိုဘဲ လွတ်လပ်စွာဝယ်ယူနိုင်တယ်လို့ သိရပါတယ်။