စစ်ကိုင်းမြို့က မန္တလေးငလျင်ကြီးဒဏ်သင့်ပြည်သူတွေအတွက် အိမ်ဆောက်ပစ္စည်းဈေးရောင်းပွဲတော်ကို စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းအတွင်းမှာ မေလ (၁၂)ရက်မှာ စတင်ကျင်းပနေပြီ ဖြစ်တယ်လို့ ပွဲတော် ကျင်းပရေးကော်မတီကနေ သိရပါတယ်။စစ်ကိုင်းမြို့က ငလျင်ဘေးသင့်ပြည်သူတွေ ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူနိုင်ဖို့အတွက် အခုလို အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးရောင်းပွဲတော်မှာ ဆိုင်ခန်းပေါင်း (၂၂)ခန်းနဲ့ ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နဲ့ ဆက်စပ်ပစ္စည်း တွေ၊ လျှပ်စစ်ဆိုင်ရာဆက်စပ်ပစ္စည်းတွေနဲ့ အခြားအိမ်ဆောက်ပစ္စည်းတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချ ပေးမှာပါ။ဈေးရောင်းပွဲတော်မှာ ငွေကျပ် (၅၉)သိန်း တန်ဖိုးရှိပြီး အလျား ပေ(၂၀)ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲရှိတဲ့ တန်ဖိုးသင့်နေအိမ်တွေကိုလည်း ပြသထားမှာ ဖြစ်ပါတယ်။ တန်ဖိုးသင့်နေအိမ်တွေကို ဝယ်ယူလှူဒါန်းလိုရင် ဈေးရောင်းပွဲတော်မှာ ပြသပေးထားတဲ့ နေအိမ်ဒီဇိုင်းအတိုင်း အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ ခရိုင်သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီကဖြစ်စေ ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော်ကို မေလ (၁၂)ရက်ကနေ (၁၆)ရက်အထိ စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။