မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ တပေါင်းကွင်းမှာ မေလ(၁၂)ရက်ကစပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတယ်လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် ကနေ သိရပါတယ်။ရောင်းချပေးနေတာက သံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေဖြစ်ပြီး ငလျင်ကြောင့် ပြင်ဆင်မဖို့လိုအပ်နေသူတွေအတွက် ဈေးနှုန်းနဲ့ပစ္စည်းတွေကို မှန်ကန်စွာ ရောင်းချပေးနေတာဖြစ်တယ်လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးရောင်းပွဲတော် ဖွင့်ပွဲကို မေလ(၁၂)ရက်က ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနဲ့ တာဝန်ရှိသူတွေတက်ရောက်ကာ ရောင်းချနေမှုနဲ့ပြခန်းတွေကို လှည့်လည် ကြည့်ရှုခဲ့ကြပါတယ်။ဈေးရောင်းပွဲတော် ဖွင့်ပွဲနေ့မှာပဲ “ပျက်၍ ပြင်ဆင်ခြင်းမှသည် ကြိုတင်ပြင်ဆင်ခြင်းဆီသို့” ခေါင်းစဉ်နဲ့ ဆွေးနွေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကေသီလွင်၊ Alpha Power Engineering Co.Ltd ရဲ့ Founder and Managing Director ဦးသက်စံ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနမှူး(ငြိမ်း) ဒေါ်ခင်မေဌေး တို့က ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့က ထပ်မံဖြည့်စွက် အကြုံပြုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဈေးရောင်းပွဲတော်ကိုတော့ မေ ၁၂ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ ၆၁ ခုက ပြခန်းပေါင်း ၇၄ ခန်းနဲ့ ပြသရောင်းချပေးသွားမှာပါ။ အခုလို ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးရောင်းပွဲတော်ကိုတော့ နေပြည်တော်မှာ ပထမဆုံးအကြိမ် ပြသရောင်းချ တာဖြစ်ပြီး စစ်ကိုင်းမြို့မှာလည်း မေ ၁၂ ရက်ကစပြီး အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော် ကျင်းပပြုလုပ် နေတယ်လို့ သိရပါတယ်။