ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင် သဘာဝ လိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်(တပေါင်းပွဲတော်)ကို လာမယ့် မတ်(၈)ရက်ကနေ (၁၃)ရက်အထိ (၆)ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်တယ်လို့ ရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေး ကော်မတီကနေ သိရပါတယ်။

ပွဲတော်ရက်အတွင်းမှာ လိုဏ်ဂူတော်တွေအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် (၈၀၉၄)ဆူကို ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းတာ၊ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ထွန်းညှိပူဇော်တာ၊ နဝကမ္မ အလှူတော်ငွေတွေ ဆက်ကပ် လှူဒါန်းတာ၊ ဓနုဒေသ ပင်းတယမြို့နယ်လုံးကျွတ် သံဃာတော်တွေနဲ့ ရပ်နီး ရပ်ဝေးက သံဃာတော်တွေကို အရုဏ်ဆွမ်း ဆက်ကပ်တာနဲ့ ဆွမ်းဆန်စိမ်း လောင်းလှူတာတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗုဒ္ဓပူဇနိယပွဲတော်မှာ ရပ်ဝေးရပ်နီးက လာရောက်ရောင်းချကြတဲ့ ဈေးတန်းကြီးနဲ့အတူ အားကစားပြိုင်ပွဲ တွေ၊ တိုင်းရင်းသားရိုးရာအကတွေ၊ ရိုးရာဇာတ်သဘင်တွေနဲ့ ဖျော်ဖြေတာတွေအပြင် ဓနုတိုင်းရင်းသားတွေ ဆုံစည်းရာနေ့ အခမ်းအနားကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။