ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ရှားပါးပင်လယ်လိပ်မျိုးစိတ်တစ်ကောင်ကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဖမ်းမိခဲ့တဲ့ ပင်လယ်လိပ်အမျိုးအစားဟာ စောင်းလျားလိပ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်မျိုးစိတ် ဖြစ်တယ် လို့ Native Species Conservation and Identification in Myanmar အဖွဲ့က လူမှုကွန်ရက် Group မှာ ဖော်ပြ ထားပါတယ်။

အခုတွေ့ရှိတဲ့ စောင်းလျားလိပ်တွေဟာ ပင်လယ်လိပ်အမျိုးအစားတွေထဲမှာ အကြေးခွံမရှိ၊ အခွံမာမရှိတဲ့ တစ်ခု တည်းသော မျိုးစိတ်ဖြစ်ကာ တဖြည်းဖြည်းနဲ့ရှားပါးလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီလိပ်ကို ဇူလိုင်(၁၆)ရက်မှာ ရေလုပ်သားတစ်ယောက်က ပိုက်ချရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ရခိုင်ရှိ ပင်လယ်ကမ်းခြေဒေသတွေမှာ ပင်လယ်လိပ်တွေဟာ ငါးဖမ်းပိုက်နဲ့ မတော်တဆ ဖမ်းမိတာ၊ ပင်လယ်ထဲ က အမှိုက်တွေနဲ့ငြိတွယ်မိတာ စတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပင်လယ်လိပ်တွေကို ဖမ်းဆီးသတ်ဖြတ်ရောင်းချတာနဲ့ လိပ်ဥတွေ တူးဖော် ရောင်းချနေတာတွေ ရှိနေတဲ့ အတွက် သေဆုံးမှုလည်း တိုးလာနေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ရေး လှုပ်ရှားသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ရခိုင်ပင်လယ်ပြင်မှာ ရှားပါးပင်လယ်လိပ်တွေ မကြာခဏ တွေ့ရှိရလေ့ရှိပြီး ပင်လယ်လိပ်တွေ မျိုးမသုဉ်းစေဖို့ ဘေးမဲ့ဧရိယာတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။