မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့ကို ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းမှာ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်းရာမှာ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့ မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။

မြန်မာ့သနပ်ခါးကို ယူနက်စကို ဝင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က တင်ပြခဲ့ပေမဲ့ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံအောင် ထပ်မံ တင်သွင်းဖို့ ညွှန်ကြားခဲ့တဲ့အတွက် အခု ပြန်လည်တင်ပြနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။သနပ်ခါးလိမ်းခြယ်တဲ့ဓလေ့နဲ့ပတ်သက်တဲ့ အပြီးသတ်စာတမ်းကို လာမဲ့ မတ်လမှာ ပြန်လည်တင်သွင်းမှာဖြစ်ပြီး ပြည်သူတွေကလည်း အတူပူးပေါင်းပါဝင်ပေးကြစေလိုတယ်လို့ ဒေါ်စန္ဒာခင်က ပြောပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ဖို့အတွက်ဆိုရင် အမျိုးသားအဆင့်ဒြပ်မဲ့ စာရင်းဝင်ဖြစ်ဖို့ လိုအပ်ပြီး တင်သွင်းရာမှာလည်း အစိုးရက တင်သွင်းရတာမဟုတ်ဘဲ သက်ဆိုင်ရာ လူမှုအဖွဲ့ အစည်းတွေက တင်သွင်းရတာဖြစ်တယ်လို့ သိရပါတယ်။ဒြပ်မဲ့ယဉ်ကျေးမှုတွေထဲမှာ ရိုးရာပွဲတော်တွေ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ပွဲတော်တွေ၊ လက်မှုပညာရပ်တွေ၊ ဘာသာစကားတွေ၊ ဓလေ့ထုံးတမ်းစဉ်လာတွေ ပါဝင်ပါတယ်။ လက်ရှိမှာတော့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တရားဝင်အသိအမှတ်ပြု ခံထားရပြီး ဖြစ်ပါတယ်။