ဆိုလာနည်းပညာသုတေသနစီမံကိန်းတွေဟာ မြန်မာနိုင်ငံရဲ့ အပူချိန်မြင့်မားပြီး စိုထိုင်းဆမြင့်မားတဲ့ ရာသီဥတု အခြေအနေတွေမှာ အသုံးပြုနေတဲ့ ဆိုလာပြားတွေကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်တစ်ခုဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်းပညာစွမ်းရည်တွေကို တိုးတက်စေရုံသာမက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အားကောင်းစေတယ်လို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောပါတယ်၊၊

မတ်လ ၄ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ Sky Star ဟိုတယ်မှာ ကျင်းပတဲ့ Photovoltaic module တွေရဲ့ စွမ်းဆောင်ရည် လက္ခဏာတွေနဲ့ အမျိုးအစားရွေးချယ်ခြင်း အကြံပြုချက်တွေနဲ့ဆိုင်တဲ့ သုတေသနစီမံကိန်း ပိတ်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ၊၊မတူညီတဲ့ရာသီဥတုတွေရှိတဲ့ မြန်မာနိုင်ငံရဲ့ နေရာ ၃ ခုမှာ ဆိုလာပြားအမျိုးအစားတွေနဲ့ပတ်သက်လို့ ကွင်းဆင်း တိုင်းတာတာတွေ ပြုလုပ်ခဲ့ပြီး ဘယ်အမျိုးအစားတွေက ကိုက်ညီမယ်ဆိုတာကို သုတေသနအစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ရန်ကုန်နည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာစိုးဝင်းက ပြောပါတယ်၊၊

သုတေသနရလဒ်တွေကို အခြေခံပြီးပြုစုထားတဲ့ ဆိုလာပြားတွေအတွက် ရွေးချယ်ရေးဆိုင်ရာ နည်းပညာပိုင်း လမ်းညွှန်ချက်ဟာ မူဝါဒချမှတ်သူတွေ၊ စက်မှုလုပ်ငန်းဆိုင်ရာ ပါဝင်ပတ်သက်သူတွေနဲ့ သုတေသီတွေအတွက် အရေးပါတဲ့ အရင်းအမြစ်တစ်ခုအဖြစ် ဆောင်ရွက်ပေးသွားမယ်လို့လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျကပြောပါတယ်၊၊