မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့က မီတာတွေကို နိုင်ငံတော်က အခမဲ့ ပြန်လည် တပ်ဆင် ပေးသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူတစ် ယောက်က ပြောပါတယ်။ငလျင်ကြောင့် ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့အတွင်းက အိမ်သုံးနဲ့ ပါဝါ မီတာစာရင်းတွေကို ကောက်ယူထားပြီး လုံးဝ ပျက်စီးသွားတဲ့ မီတာတွေကို အခကြေးငွေ ပေးစရာမလိုဘဲ အစားထိုး ပြန်လည်တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

အဆောက်အဦတွေ ပြန်လည်တည်ဆောက်ပြီး မီတာတပ်ဆင်ကာ အသုံးပြုနိုင်တဲ့အထိ ဒဏ်ကြေးပေးဆောင်တာ ရက်လွန်ကြေးတွေ ပေးဆောင်ရတာတွေက အစ ဘယ်အခကြေးငွေမှ ပေးဆောင်စရာ မလိုဘူးလို့လည်း စစ်ကိုင်း တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။စစ်ကိုင်းမြို့မှာ မီတာပျက်စီးသွားတဲ့ နေအိမ်တွေ၊ ရုံးဌာနတွေအနေနဲ့ အဆောက်အအုံတွေ ပြန်လည်တည်ဆောက် ပြီးချိန်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကို အကြောင်းကြားလာရင် မူလအသုံးပြုနေတဲ့ မီတာတွေကို ပြန်လည် တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။