မန္တလေးတက္ကသိုလ်၊ နှစ်တစ်ရာပြည့် အကြိုပွဲတော်ကို ဇူလိုင်လ ၄ ရက်က မန္တလေးတက္ကသိုလ်နယ်မြေ အတွင်းမှာ ကျင်းပခဲ့ပြီး ပွဲတော်ကို မန္တလေးတက္ကသိုလ်မှာ ပညာတက်ရောက်သင်ကြားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ ဟောင်းတွေ စုံညီစွာ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပွဲတော်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြို့တော်ဝန် ဦးကျော်ဆန်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရပစ္စည်းတွေ ဝယ်ယူအားပေး ခဲ့ကြပါတယ်။ နှစ်တစ်ရာပြည့်အကြို ပွဲတော်မှာ မန္တလေးတက္ကသိုလ်ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်း ရောင်းချတာ၊ အမှတ်တရ ပစ္စည်းတွေ ရောင်းချတာ၊ ဓာတ်ပုံနဲ့ ပန်းချီပြပွဲ ခင်းကျင်းပြသတာတွေအပြင် ပွဲတော်ကို လာရောက်ကြသူတွေကို စတုဒိသာကျွေးမွေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၂၅ ခုနှစ်မှာ မန္တလေးဥပစာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ မန္တလေးယူနီဗာစီတီ ကောလိပ် ကနေ မန္တလေးတက္ကသိုလ်အဖြစ် သီးခြားဖွင့်လှစ်ခဲ့ရာ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်မှာ နှစ်တရာပြည့်ခဲ့ပြီ ဖြစ်တာ ကြောင့် အခုလို မန္တလေးတက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲတော် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။